xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘယ်လိုနေရာမျိုးပေးမှာလဲ ဆိုတဲ့မေးခွန်းအတွက် တွေးစရာလေးတွေ

Monday, March 26, 2012

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘယ်လိုနေရာမျိုးပေးမှာလဲ ဆိုတဲ့မေးခွန်းအတွက် တွေးစရာလေးတွေ

ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ အနောက်အုပ်စုရယ် တရုတ် ရုရှားတို့ဦးဆောင်ပါဝင်နေတဲ့ အရှေ့အုပ်စု ၂ စုဟာ နိုင်ငံရေး စီးပွားရေး စစ်ရေး စတဲ့ မျက်နှာစာအသီးသီးမှာ တစ်အုပ်စုနဲ့တစ်အုပ်စု အပြိုင်အဆိုင်ဆိုသလို သူနိုင်ကိုယ်နိုင် ပြိုင်ဆိုင်နေကြတယ် ၊ မြန်မာနိုင်ငံဟာ တည်နေရာအရ အရှေ့အုပ်စုနယ်မြေထဲမှာကျရောက်နေတဲ့အပြင် အင်အားကြိး တရုတ်နိုင်ငံနဲ့ပါ နယ်နမိတ် ဆက်စပ်နေတော့ ခေတ်အဆက်ဆက် မြန်မာခေါင်းဆောင်တွေဟာ အရှေ့အနောက် အုပ်စု နှစ်ခုကြားမှာ မျှတတဲ့ မူဝါဒတွေကိုမကျင့်သုံးခဲ့ပဲ အရှေ့ဘက်ယိမ်းတဲ့ မူဝါဒတွေကို လက်ခံကျင့်သုံးလာခဲ့ကြပြီး အနောက်နဲ့ အဆင်မပြေခဲ့ကြတဲ့အတွက် တိုင်းပြည်ဟာ ခုလိုအခြေဆိုက်နေရတယ်ဆိုတာ မငြင်းနိုင်တဲ့အချက်ဖြစ်တယ် ။

ခုလက်ရှိသမ္မတကြီးဦးသိန်းစိန်လက်ထက်မှာတော့ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့မူဝါဒတွေကနေခွဲထွက်ပြီး အရှေ့ရော အနောက်နဲ့ပါ အဆင်ပြေမယ့် နည်းလမ်းတွေကို ပြောင်းလဲကျင့်သုံးလာတာကိုတွေ့ရတယ် ၊ လက်ရှိအစိုးရဟာ အရှေ့အုပ်စုနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ ၊ ကောင်းမွန်နေဆဲဖြစ်ပြီး ၊ အနောက်အုပ်စုကနေထောက်ခံနေတဲ့သူတွေ ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်အားစုတွေဖြစ်တယ် ဆိုတာလည်း အားလုံးသိပြီးသားပါဘဲ ။

လွှတ်တော်ထဲမှာကျတော့ လက်ရှိအာဏာရ အစိုးရရဲ့ သူတွေများပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အနောက်အုပ်စုက လိုလားထောက်ခံသူတွေဟာ လွှတ်တော်ပြင်ပရောက်နေတာဖြစ်တဲ့အတွက် လွှတ်တော်ဟာ အရှေ့အုပ်စုဘက်ကများပြီး အနောက်အုပ်စုဘက်ကနည်းနေတဲ့အတွက် BALANCE အောက်နေတယ် ၊ လွှတ်တော်မှာ BALANCE အောက်နေတဲ့အတွက် နိုင်ငံတကာကနေ မြန်မာအပေါ်ဆက်ဆံရေးမှာလည်း BALANCE အောက်နေသေးတယ် ၊ ဒီတော့ ဒီ BALANCE ကိုအထိုက်အလျှောက်ညီအောင်  ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အားစုတွေကို လွှတ်တော်ထဲမှာ နေရာပေး ဘို့ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ သမ္မတကြီးကရော ဒေါ်အောင်ဆန်းစုကြည်ဘက်ကပါ နှစ်ဘက်လိုက်လျောမှုတွေနဲ့ ခုလို ကြိုးစားနေကြတာဖြစ်တယ်လို့ ကျွန်တော်တော့မြင်တယ် ။

ဒါကြောင့် အစိုးရကလည်း ဥပဒေပြုပြင်ချက်တွေ ပြုလုပ်ပြီး လိုက်လျောမှုတွေလုပ်လာသလို လွှတ်တော် အကြီးအကဲတွေဖြစ်တဲ့ ဦးခင်အောင်မြင့်တို့ ၊ သူရဦးရွှေမန်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ် ဆိုပြီးမကြာခဏဆိုသလို ပြောပြောနေတာဖြစ်တယ် ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း အစိုးရကိုအတိုက်အခံပြုနေတဲ့ပုံစံကနေ လွှတ်တော်ထဲကိုဝင်ရေးလမ်းကြောင်းကိုရွေး လိုက်တယ်ဆိုတာကိုက ဒါသူ့ဘက်ကလည်း လျော့ပေးခဲ့တာပဲ ဒီလို လုပ်ခဲ့တဲ့အတွက်လည်းသူ့မှာ အခက်အခဲတွေအများကြီးဖြစ်ခဲ့ရတယ် ဆိုတာ တွေ့ရတယ် ။နှစ်ဘက်စလုံးရဲ့ အဓိက ရည်ရွယ်ချက်က ခုနပြောတဲ့ BALANCE အောက်နေတာကို ချိန်ညှိဘို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အားစုတွေကို လွှတ်တော်ထဲရောက်လာဘို့ ဆောင်ရွက်နေတာဖြစ်တယ် ။ဒါကို ပါးနပ်တဲ့နိုင်ငံသားတွေ နိုင်ငံ့ဝန်ထမ်းတွေသဘောပေါက်ဘို့လိုတယ် ။ဒါကြောင့် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံအတွက် အရေးကြီးတယ် အရေးကြီးတယ်လို့ နိုင်ငံတကာကရော ဒေသတွင်းနိုင်ငံတွေကပါ ပြောနေကြတာဖြစ်တယ် ။

ဒီနေရာမှာမေးစရာရှိတာက ခုလုပ်မယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ ၄၈ နေရာထဲရယ် ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူနည်းစုလေး ရောက်လာတော့ရော ခုနအောက်နေတဲ့ BALANCE ကြီးက ညီသွားမှာလားဆိုတဲ့ မေးခွန်းဖြစ်တယ် ၊အဖြေကရှင်းပါတယ် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ရဲ့အားဟာ လွှတ်တော်ထဲက အခြားသူတွေအများကြီးအားနဲ့ညီတယ်ဆိုတာ လူတိုင်းသိတယ် ၊ဒါလွှတ်တော်ထဲကလူတွေကို အထင်သေးအမြင်သေးလို့ပြောတာမဟုတ်ဘူး လက်ရှိ ပကတိတရားဟာ ဒီအတိုင်းဖြစ်တယ် ဒီလိုနဂိုက အားရှိပြီးသား ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့ထဲမှာ အင်အားရှိတဲ့နေရာတစ်ခုသာ အစိုးရက စီမံပေးမယ် ဒါကိုလည်းဒေါ်အောင်ဆန်းစုကြည်က သဘောတူလက်ခံလိုက်မယ်ဆိုရင် နိုင်ငံရဲ့ အနာဂတ်ဟာ သားရွှေအိုးထမ်းလာမယ့်ကိန်းဖြစ်တယ် ။

ဒီနေရာမှာစဉ်းစားမိတာက ဒေါ်စုအစိုးရအဖွဲ့ထဲရောက်လာရုံနဲ့မရသေးဘူး ဒေါ်စုရော နိုင်ငံတကာကပါလက်ခံ နိုင်လောက်တဲ့  အစိုးရအဖွဲ့ထဲမှာ KEY PLAYER တစ်နေရာလောက်တော့ ရမှ ခုနသားရွှေအိုးထမ်းတဲ့ကိန်းဆိုတာဖြစ်မှာ ၊ ဒီနေရာမှာဒေါ်စုသာအစိုးရအဖွဲ့ထဲရောက်လာမယ်ဆိုရင် ဘယ်လိုနေရာမျိုးပေးမလဲဆိုတဲ့ မေးခွန်းမေးစရာဖြစ်လာတယ် ၊ အစိုးရအနေနဲ့ကလည်းရှိတဲ့ဝန်ကြီး တစ်ယောက်ဖြုတ်ပြီး ဒေါ်စုကိုနေရာပေးမှာမဟုတ်ဘူး ၊ ၀န်ကြီးဌာနအသစ်တစ်ခု ထွင်ဖွဲ့ပြီးပေး ရအောင်လည်း ခုတောင်ဘတ်ဂျက်ပြဿနာက သေးတာမဟုတ်ဘူး ၊ ဒီတော့ ၀န်ကြီးတစ်ယောက်ထဲကနေ ၂ ဌာနတွဲကိုင်ထားတဲ့ ၀န်ကြီးဌာန တွေစဉ်းစားကြည့်လိုက်တော့ ဦးကျော်ဆန်းက ပြန်ကြားရေးနဲ့ ၊ ယဉ်ကျေးမှုကိုတွဲကိုင်ထားတယ် ၊ ဦးတင့်ဆန်းက အားကစားနဲ့ ၊ ဟိုတယ်ခရီး တွဲကိုင်ထားတယ် ၊ဦးအောင်ကြည်က အလုပ်သမားဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နောက် ၀န်ကြီးဦးစိုးသိန်းက စက်မှုဝန်ကြီးဌာနနဲ့ ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနကိုတွဲကိုင်ထားတယ် ၊ ဒီဝန်ကြီးဌာနတွေကိုကြည့်လိုက်ရင် ဘယ်ဝန်ကြီးဌာနမှ ခုန ပြောသလို KEY PLAYER ဖြစ်လာမယ့် ၀န်ကြီးဌာန မတွေ့ပြန်ဘူး ။

အစိုးရဟာ ဒေါ်စုသာ လွှတ်တော်ထဲရောက်လာရင်ဆိုတဲ့ ကိစ္စကိုမစဉ်းစားထားပဲနေမှာမဟုတ်ဘူး ၊ စဉ်းစားထားမှာပဲ ဒါမျိုးက ကောက်ကာငင်ကာလုပ်လို့ရတာမျိုးလဲမဟုတ်တော့ ကြိုစီစဉ်ထားမှာပဲ ဒါဆိုရင် ဒီအစိုးရလက်ထက်မှာမှ အသစ်ဖွဲ့ထားတဲ့ဝန်ကြီးဌာနကို သတိထားကြည့်လိုက်တော့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနဆိုတာကိုသွားတွေ့တယ် ၊ အစိုးရမှာ စက်မှု ၁ ၊ စက်မှု ၂ ၀န်ကြီးဌာန ၂ခု (လက်ရှိမှာ တစ်ခုတည်းပေါင်းထားပြီးပါပြီ ) ရှိနေပါရက်နဲ့ စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနဆိုတာကို ထပ်ဖွဲ့ထားတယ်ဆိုတာ အကြံအစည်တစ်ခုခုတော့ရှိရမယ်ဆိုတာ ပေါ်လာတယ် ။ဒါဆိုရင် ဒီနေရာဟာ ဒေါ်စုအတွက်နေရာပေးရင် အဆင်သင့်ဖြစ်အောင် ၀န်ကြီးဌာနတစ်ခုကိုကြိုတင်  ဖွဲ့စည်းထားတဲ့သဘောဖြစ်နေတယ် ခုထိ ဒီဝန်ကြီးဌာနဟာ လူတွေစုဖွဲ့ထားတာကလွဲပြီး ဘာမှမယ်မယ်ရရမလုပ်နိုင်သေးလို့ ဘက်ဂျက်မှာ ၁၀၀% အဖြတ်ခံလိုက်ရတာကိုကြည့်ရင် ဒီသဘော ပိုထင်ရှားလာတယ် ။ ဒီဝန်ကြီးဌာနရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက သူဟာ ကျန်တဲ့ဝန်ကြီးဌာနတွေလို ပြည်နယ်တိုင်းမြို့နယ်အသီးသီးမှာ အောက်ခြေအဆင့်ဆင့် ဖွဲ့စည်းစရာမလိုပဲ ပြည်ထောင်စုအဆင့်မှာတင် ဖွဲ့ထားရတာမျိုး ဖြစ်နေတယ်ဆိုတာပါဘဲ ။

ဒါပေမယ့်ခက်တာက  ဒေါ်စုကို ဒီအတိုင်း စက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးပေးလို့ ဟိုက ဘယ်ယူမလည်း နိုင်ငံတကာကလည်း ဘယ်လက်ခံမလည်းဗျာ မဟုတ်ဘူးလား KEY PLAYER မှမဟုတ်တာ ဒါဆိုရင် ခုလူစုထားတဲ့ဝန်ကြီးဌာနကို ဒေါ်စုရောက်လာတဲ့အခါ အမည်ပြောင်းမယ်ဗျာ ဥပမာ အမျိုးသား စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဆိုတာမျိုး ပေါ့ ...၊ ဒါဆိုရင်တော့နိုင်ငံတကာက လက်ခံဘို့နီးစပ်လာပြီ ၊ ဒီဝန်ကြီးဌာနဟာ စီးပွားကူးသန်းလိုဝန်ကြီးဌာနမျိုး ၊ စက်မှုဝန်ကြီးဌာနတွေ ၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန စတဲ့ဝန်ကြီးဌာနတွေအပေါ်မှာပါ လွှမ်းခြုံ အာဏာသက်ရောက်မယ်ဆိုရင်တော့ ဒေါ်စုလည်း ခုနပြောတဲ့ KEY PLAYER ဖြစ် ၊ ၀န်ကြီးဌာနတွေမှာလည်းသူ့ဝန်ကြီးတွေရှိပြီးသားဆိုတော့ ဒေါ်စုကို ပုံအပ်လိုက်သလိုလည်းမဖြစ် ဆိုတဲ့ WIN WIN အခြေအနေမျိုးကို ရောက်သွာမှာပါဘဲ ....။

ဒီလို နိုင်ငံရဲ့ စီးပွားရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးမှာဒေါ်စုသာ KEY PLAYER ဖြစ်လာခဲ့မယ်ဆိုရင် အဲဒါဖြစ်တဲ့နေ့ အနောက်ကပိတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုရုပ်တဲ့နေ့ဖြစ်မှာပါဘဲ အဲဒီအခါ နိုင်ငံတကာက စီးပွားရေးနဲ့ လုပ်ငန်းတွေ ၀င်လာမစဲတသဲသဲ ဖြစ်ပြီး တရုတ်တစ်နိုင်ငံထဲကို ဗဟိုပြုအားကိုးနေရတဲ့ဘ၀ကလည်းလွတ်ပြီပေါ့ဗျာ ဒါဆိုရင် ခေတ်အဆက်ဆက် နောက်ကျကျန်နေတဲ့ ကျွန်တော်တို့တိုင်းပြည်လေး အရှိန်နဲ့တက်လာမှာ မြေကြီးလက်ခတ်မလွဲပဲ မဟုတ်ဘူးလားဗျာ....၊

ဒါကြောင့် တရုတ်ချေးငွေနဲ့ အကောင်အထည်ဖေါ်နေတဲ့ စီမံကိန်းတချို့ကလွဲလို့ ဒီဘာမှအလုပ်မရှိတဲ့ဝန်ကြီးဌာနကို အစိုးရက ဘတ်ဂျက်တွေ အခြားဝန်ကြီးဌာန နည်းတူ တင်ထားတာပေါ့ဗျာ ၊ ဒါဟာ ဒေါ်စုရောက်လာရင် လုပ်သာကိုင်သာရှိအောင် ကြိုတင်ပြင်ဆင်ထားတဲ့ သမ္မတကြီးရဲ့ စေတနာနဲ့ အစီအမံဖြစ်နိုင်တယ် ၊ ဒါကို လွှတ်တော်အမတ်တွေက ၁၀၀ %ဖြတ် ပစ်လိုက်တော့ သမ္မတကြီးခမျာ အခက်တွေ့သွားပုံရတယ် ၊ ဒါဒေါ်စုအတွက် ကြိုစီစဉ်ထားတာကွ လို့လဲ ပြောလို့ကတရားမ၀င် သေးတော့ သမ္မတကြီးအကျပ်ဆိုက်သွားပုံပါဘဲ ။

ထားပါတော့ဗျာ ဒီဆောင်းပါးရဲ့အဓိကပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ NLD ၊ ကြံ့ဖွံ့ ၊ စစ်တပ် ဆိုပြီးအသွေးအရောင်တွေကွဲမနေပဲ ၊ အဘဂိုဏ်း ၊ အမ ဂိုဏ်းဆိုပြီး ဂိုဏ်းဂဏတွေကွဲမနေပဲ အဘဦးသိန်းစိန်နဲ့ အမေဒေါ်စုတို့ နောက် တက်ညီလက်ညီ လိုက်လိုက်ရင်တော့ဗျာ ဘယ်ပြောကောင်းမလည်း နောက် ၄ ၅ ၁၀ နှစ်ဆိုရင် မင်းဘယ်တိုင်းပြည်ကလည်းလို့မေးရင် မြန်မာပြည်ကကွ လို့ ရင်ကော့ပြီးဖြေနိုင်တဲ့အဖြစ်ကို ဘာလို့မရောက်ရမှာလည်းဗျာ....။

ဤ ဆောင်းပါးအပြီးသတ်ရေးပြီးချိန်တွင် နှစ်အတန်ကြာရီဝေနေသော ကျွန်တော်၏မျက်လုံးတို့သည် အရောင်တောက်လာပါသည် ၊ အေးစက်နေသောသွေးတို့သည် ဆူပွက်၍လာပါသည် ၊ အတန်အားလျော့နေသာ စိတ်ဓါတ်တို့သည် ပြန်လည်ကြံခိုင်လာပါသည် ကျွန်ုပ်တိုင်းပြည်၏ အနာဂါတ် လူမျိုး၏ရှေ့ရေးအတွက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း...........

မင်းထက်